မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံ နယ်စပ်မှာ ငှက်ဖျားရောဂါ ကင်းရှင်းရေး လုပ်ဆောင်ဖို့ ဆွေးနွေးလျက်ရှိ

မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ နှစ်နိုင်ငံနယ်စပ်အကြား ငှက်ဖျားရောဂါကင်းစင်ရေးအတွက် အနာဂတ်မှာလုပ်ဆောင်မယ့် လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ နှစ်နိုင်ငံနယ်စပ်အကြား ငှက်ဖျားရောဂါကင်းရှင်းရေးနဲ့ ပတ်သက်ပြီး စက်တင်ဘာလ ၆ ရက်ကနေ ၈ ရက်အထိ နေပြည်တော်မှာရှိတဲ့ ဟီလ်တန်ဟိုတယ်မှာ ဆွေးနွေးပွဲ ပြုလုပ်လျက်ရှိပြီး ပြည်တွင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တာဝန်ရှိသူ တွေ တရုတ်နိုင်ငံဖက်က တာဝန်ရှိသူတွေ တက်ရောက်ဆွေးနွေးလျက်ရှိပါတယ်။
 
မြန်မာနိုင်ငံအနေနဲ့  ကုလသမဂ္ဂရဲ့ ထောင်စုနှစ် ရည်မှန်းချက်မှာ ပါဝင်တဲ့ ငှက်ဖျားရောဂါ ကင်းရှင်းရေးအတွက် အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ပေမယ့် မဟာမဲခေါင်ဒေသနိုင်ငံတွေ ထဲမှာတော့ ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှုန်းနဲ့  သေဆုံးမှုနှုန်းဟာ အများဆုံးနိုင်ငံစာရင်းထဲမှာ ပါဝင်နေသေးပြီး လျှော့ချဖို့ လိုအပ်နေဆဲလို့ သိရပါတယ်။
 
မြန်မာနိုင်ငံအနေနဲ့  တစ်နိုင်ငံလုံးမှာ ငှက်ဖျားရောဂါကင်းရှင်းရေးအတွက် (၂၀၃၀)မှာ အပြီး ဆောင်ရွက်သွားမှာဖြစ်ပြီး တရုတ်နိုင်ငံကတော့ ၂၀၂၀ အရောက်မှာ ငှက်ဖျားရောဂါ ကင်းရှင်းရေး အပြီးဆောင်ရွက်သွားဖို့ ရည်မှန်းထားတာကြောင့် ယခုလိုဆွေးနွေးပွဲတွေ ကျင်းပပြီး အနာဂတ်မှာလုပ်ဆောင်မယ့် အချက်တွေကို ဆွေးနွေးတာလို့ သိရပါတယ်။ 
 
မြန်မာနိုင်ငံအနေနဲ့  ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်းဟာ တစ်နှစ်ထက် တစ်နှစ် သိသိသာသာ လျော့နည်းလာခဲ့ပြီး လွန်ခဲ့တဲ့ (၅)နှစ် ၀န်းကျင်က ငှက်ဖျားရောဂါဖြစ်ပွားသူ (လေးသိန်း)၀န်းကျင် ရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာတော့ ငှက်ဖျားရောဂါဖြစ်ပွားသူ (တစ်သိန်း) ကျော်သာရှိတော့ပြီး လျင်မြန်တဲ့အရှိန်နှုန်းနဲ့ ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်းဟာ ကျဆင်းနေတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သိရပါတယ်။