ပြည်တွင်းရွှေဈေး (၉၄၀၀၀၀)ကျော်အထိ ဆက်လက်မြင့်တက်လာ

အခုသြဂုတ်လကုန်ပိုင်းမှာ ပြည်တွင်းရွှေဈေးဟာ (၉၄၀၀၀၀)ကျော်အထိ ဆက်လက် မြင့်တက်လာပြီး ပြည်တွင်း ရွှေဈေးကွက်မှာ အရောင်းအ၀ယ်တွေ အေးနေတယ်လို့ သိရပါတယ်။ ရန်ကုန်ရွှေဈေးကွက်အနေနဲ့ သြဂုတ်လဆန်းပိုင်းကတည်းက ရွှေဈေးဟာ ၁၆ ပဲရည်တစ်ကျပ်သားကို ငွေကျပ်(၉)သိန်းကျော် ရှိနေတာဖြစ်ပြီး အခုသြဂုတ်လ လကုန်ပိုင်းမှာတော့ ငွေကျပ်(၉)သိန်း(၄)သောင်း ကျော်အထိ မြင့်တက်လာတာဖြစ်ပါတယ်။
 
ဒါဟာမြန်မာနိုင်ငံမှာ စံချိန်တင်ရွှေဈေး မြင့်တက်မှုလည်းဖြစ်တယ်လို့သိရပါတယ်။ ကမ္ဘာ့ရွှေဈေးဟာ နိုင်ငံတကာက စစ်ရေးအခြေအနေမတည်ငြိမ်မှုတွေကြောင့် မြင့်တက်လာတာဖြစ်ပြီး ပြည်တွင်း ရွှေလုပ်ငန်းရှင်တွေ အနေနဲ့ကလည်း  ရွှေဈေးမြင့်တက်လာပါက  အရောင်းအ၀ယ်တွေ အဆင်မပြေတာကြောင့် ရွှေဈေးကို တည်ငြိမ်မှုရှိစေလိုတယ်လို့ သိရပါတယ်။
 
ရန်ကုန်ရွှေဈေးကွက်မှာ သြဂုတ်လ(၃၀)ရက်နေ့အပိတ်ဈေးမှာ အခေါက်ရွှေဖြစ်တဲ့ (၁၆)ပဲရည် တစ်ကျပ်သားကို ငွေကျပ်(၉၃၉၀၀၀)ပေါက်ဈေးရှိနေပြီး လက်ဝတ်ရတနာရွှေဖြစ်တဲ့(၁၅) ပဲရည်တစ်ကျပ်သားကို ငွေကျပ်(၈၈၀၀၀၀)ရှိတယ်လို့သိရပါတယ်။ ရွှေဈေးဆက်လက် မြင့်တက်လာ တာကြောင့် ရွှေဆိုင်တွေမှာအရောင်းအ၀ယ်အေးနေပြီး လက်ဝတ်ရတနာ ဈေးကွက်မှာလည်း ရွှေဝယ်ယူသူထက် ဆိုင်ကိုပြန်သွင်းတဲ့ ရောင်းလိုအားကပိုများနေတယ်လို့ သိရပါတယ်။ 
 
သြဂုတ်လ(၃၀)ရက်နေ့အတွက် ကမ္ဘာ့ရွှေဈေးအနေနဲ့ ရွှေတစ်အောင်စကို အမေရိကန်ဒေါ်လာ (၁၃၁၂) ဒေါ်လာရှိတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့(၂၀၁၆)ခုနှစ်ကတော့ ပြည်တွင်းရွှေဈေးဟာ ငွေကျပ်(၉)သိန်းနီးပါး မြင့်တက်ခဲ့ဖူးပြီး(၂၀၁၇)ခုနှစ်မှာတော့ ယခုအကြိမ် ရွှေဈေးမြင့်တက်မှုဟာ ငွေကျပ်(၉)သိန်း(၄)သောင်းကျော်အထိ မြင့်တက်နေတာကြောင့် ဒါဟာပြည်တွင်းရွှေဈေး စံချိန်တင်မြင့်တက်မှုတစ်ခု ဖြစ်တယ်လို့သိရပါတယ်။