SME လုပ်ငန်းတွေကို Smart Card ထုတ်ပေးသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ပြော

SME လုပ်ငန်းတွေအတွက်စာရင်းပြုစုတာတွေပြုလုပ်ပြီှးSmart Card ထုတ်ပေးဖို့စီစဉ် နေတယ်လို့ သြဂုတ်လ(၂၈)ရက်က UMFCCI မှာပြုလုပ်တဲ့ ဒုတိယသမ္မတဦးမြင့်ဆွေနဲ့  စီးပွားရေး လုပ်ငန်းရှင်များ န၀မအကြိမ် ပုံမှန်တွေ့ဆုံတဲ့ဆွေးနွေးပွဲမှာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။
 
 ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြို့နယ်(၄၅)မြို့နယ်လုံးက အသေးစားအလတ်စား လုပ်ငန်းတွေအပြင် အိမ်တွင်းလုပ်ငန်းတွေကိုပါ စာရင်းပြုစုတာတွေပြုလုပ်ပြီး အလားအလာရှိတဲ့ SME လုပ်ငန်းတွေကိုစီစစ်ပြီး Smart Card ထုတ်ပေးဖို့ လုပ်ဆောင်နေတယ်လို့သိရပါတယ်။ Smart Card မှာ လုပ်ငန်းနဲ့ပတ်သက်တဲ့အချက်အလက်အားလုံးပါဝင်မှာဖြစ်ပြီး Smart Card  ရရှိတဲ့ SME လုပ်ငန်းတွေအနေနဲ့ လုပ်ငန်းလုပ်ကိုင်တာတွေ ချေးငွေကိစ္စတွေမှာ ပိုမိုအဆင်ပြေစေမှာ ဖြစ်တယ်လို့  သိရပါတယ်။
 
မြန်မာနိုင်ငံမှာ SME လုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်လာဖို့နဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ အဖက်ဖက်ကအားပေးကူညီနေတယ်လို့သိရပါတယ်။ SME  လုပ်ငန်းအချို့အနေနဲ့မိမိတို့   လုပ်ငန်း အတွက် လိုအပ်တဲ့ပစ္စည်းတွေကို ပြည်ပက ၀ယ်ယူရတာမျိုးတွေရှိနေပြီး ပြည်ပက ပစ္စည်းဝယ်ယူရတာတွေမှာ အခွန်အခတွေသက်သာစေဖို့ပြုလုပ်ပေးသွားဖို့ရှိတယ်လို့လည်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကပြောပါတယ်။ပြည်တွင်းမှာမှတ်ပုံတင်ထားတဲ့ စက်မှုလုပ်ငန်းပေါင်း (၄၇၀၀၀)၀န်းကျင်ရှိပြီး SME လုပ်ငန်းတွေပါဆိုရင် (၆၀၃၀၀)ကျော်ရှိတယ်လို့သိရပါတယ်။