မြောက်ကိုရီးယားက ဂျပန်နိုင်ငံကိုဖြတ်ကျော်ပြီး ဒုံးကျည်ပစ်လွှတ်

မြောက်ကိုရီးယားနိုင်ငံဟာ ဂျပန်နိုင်ငံမြောက်ပိုင်းက ဟော့ကိုင်းဒိုးကျွန်းကိုဖြတ်ကျော်ပြီး ဒုံးကျည်တစ်စင်းကို ပစ်လွှတ်ခဲ့ပါတယ်။ ဂျပန်အစိုးရကတော့ အဲဒီဒုံးကျည်ဟာ တာလတ်ပစ်ပဲ့ ထိန်းဒုံးချည်ဖြစ်နိုင်တယ်လို့ပြောပါတယ်။ အဲဒီဒုံးကျည်ဟာ အင်္ဂါနေ့မနက်ပိုင်း မှာ ပစိဖိတ် သမုဒ္ဒရာထဲကို မကျခင်မှာ သုံးပိုင်းကွဲထွက်ခဲ့တာဖြစ်ပြီး ထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာမရှိသေးဘူးလို့ သိရပါတယ်။ တောင်ကိုရီးယားစစ်တပ်ကတော့ ဒုံးကျည်ဟာ အမြင်(၅၅၀)ကီလိုမီတာအထိ ရောက်ရှိခဲ့ပြီး (၂၇၀၀)ကီလိုမီတာအထိ ပျံသန်းခဲ့တယ်လို့ ပြောပါတယ်။
 
ဒုံးကျည်ကို မြောက်ကိုရီးယားနိုင်ငံမြို့တော်ပြုံရမ်းမှာရှိတဲ့နိုင်ငံတကာလေဆိပ်နားကနေ ပစ်လွှတ်ခဲ့တယ် လို့ ယူဆရပါတယ်။
 
အခုတစ်ကြိမ်ပစ်လွှတ်မှုဟာ ဂျပန်နိုင်ငံကိုဖြတ်ကျော် ပစ်ခတ်တဲ့မြောက်ကိုရီးယားရဲ့ ငါးခုမြောက်ဒုံးကျည်လည်းဖြစ်ပါတယ်။ ဒီဒုံးကျည်ပစ်ခတ်မှုကြောင့် ဟော့ကိုင်းဒိုးကျွန်းမှာ နေထိုင်သူတွေအနေနဲ့ ခိုလှုံရေးစခန်းတွေမှာနေထိုင်ဖို့ အရေးပေါ်သတိပေးချက်ကို ဂျပန်အစိုးရဘက်က ထုတ်ပြန်ခဲ့ပါတယ်။
 
ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘဲကတော့ မြောက်ကိုရီးယားက အခုနောက်ဆုံးပြုလုပ်ထားတဲ့ ဒုံးကျည်ဟာ ဂျပန်နိုင်ငံကို ကြီးမားတဲ့ခြိမ်းခြောက်မှု တစ်ရပ်ဖြစ်တယ်လို့ ပြောထားပါတယ်။ ဂျပန်အစိုးရအနေနဲ့ မြောက်ကိုရီးယားရဲ့အခုလုပ်ရပ်ကို ပြင်းပြင်းထန်ထန်ကန့် ကွက်သွားမှာဖြစ်ပြီး အရေးပေါ်အစည်းအဝေး ခေါ်ယူဖို့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီကို တောင်းဆိုသွားမယ်လို့ ၀န်ကြီးချုပ် အာဘဲကပြောပါတယ်။