ဟာရီကိန်းမုန်တိုင်းဟာဗေးကြောင့် ဟူစတန်တွင် ရေကြီးမှုများကြုံတွေ့နေရ

အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်က ဟူစတန်မြို့ဟာ သောကြာနေ့က ၀င်ရောက် တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း ဟာဗေးဒဏ်ကြောင့် မကြုံစဖူး ရေကြီးတဲ့ဒဏ်ကို ခံနေရပါတယ်။ ဟူစတန်မြို့ရဲ့ နေရာအများစုမှာ မိုးရေချိန်(၇၅)စင်တီမီတာကျော် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရှိခဲ့ပြီး မြို့ရဲ့အဓိကလမ်းမကြီး တွေမှာ ရေလွှမ်းနေလို့ မြို့ခံတွေက သွားလာရာမှာ လှေတွေကို အားကိုးနေရပါတယ်။ မိုးသည်းတာကြောင့် ယခုတစ်ပတ်အတွင်းမှာ မြို့ရဲ့နှစ်စဉ်ပုံမှန်မိုးရေချိန်ကို ကျော်လွန်သွားဖို့ရှိတယ်လို့ မြို့တော်အာဏာပိုင်တွေက ပြောပါတယ်။
 
ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေပေမယ့် မိုးကြောင့်နှောင့်နှေးနေလို့ မြို့ခံတွေဟာ ကိုယ့်အားကိုယ်ကိုးပြီး ရပ်တည်နေရပါတယ်။ မြို့ရဲ့လမ်းမရာချီကိုပိတ်ထားပြီး ဆေးရုံတွေက လူနာတွေကို ရွှေ့ပြောင်းထားတဲ့အပြင် မြို့ခံထောင်ချီဟာ လျှပ်စစ်မီးပြတ်တောက်တဲ့ဒဏ်ကို ခံခဲ့ရပါတယ်။ ကျောင်းတွေကို လည်း ပိတ်ထားခဲ့တဲ့အပြင် ဟူစတန်မြို့ရဲ့အဓိကလေဆိပ်(၂)ခုဟာလည်း လေယာဉ်ပြေးလမ်း တွေကို ရေလွှမ်းနေတဲ့အတွက် ပိတ်ထားရပါတယ်။
 
လမ်းပေါ်ကရေထဲမြုပ်နေတဲ့ယာဉ်တွေမှာ သေဆုံးသူတွေ ရှိနေနိုင်တယ်ဆိုတဲ့ သတင်းတွေကြောင့် စုံစမ်းရှာဖွေနေတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံရဲတပ်ဖွဲ့က ပြောပါတယ်။ ရုတ်တရက်ရေကြီးနိုင်တယ်လို့ အမေရိကန်ရာသီဥတုဌာနကထုတ်ပြန်ထားတဲ့အတွက် ရေဘေး ရှောင်စခန်းတွေကို ဖွင့်လှစ်ထားတယ်ဆိုပြီး အာဏာပိုင်တွေကပြောပါတယ်။