ပြင်သစ်တောမီးကြောင့် လူပေါင်းတစ်သောင်း ကျော်ရွှေ့ပြောင်း နေထိုင်နေရ

ပြင်သစ်နိုင်ငံတောင်ပိုင်းမှာဖြစ်ပွားနေတဲ့တောမီးကြောင့် ညပိုင်းအတွင်း လူပေါင်း တစ်သောင်းကျော် ဘေးလွတ်ရာရွှေ့ပြောင်းနေ ထိုင်နေရတယ်လို့ ပြင်သစ်အာဏာပိုင်တွေက ဇူလိုင်လ ၂၆ ရက်မှာပြောလိုက်ပါတယ်။ တောမီးဆက်တိုက်လောင် ကျွမ်းနေတာကြောင့် ဒေသခံတွေကို ရွှေ့ပြောင်းတာဖြစ်ပြီး နွေရာသီမှာ အဲဒီဒေသမှာနေထိုင်သူအရေ အတွက်ဟာ အခုလက်ရှိ အရေအတွက်ထက် နှစ်ဆ သုံးဆ မြင့်တယ်လို့  ဘိုမာလီ မီမိုဇာ ဒေသအနီးမှာ မီးတောက်တွေကို ငြှိမ်းနေတဲ့ မီးသတ်အရာရှိတစ်ဦးကပြောပါတယ်။
 
နိုင်ငံအရှေ့တောင်ပိုင်း တစ်ဝှမ်းမှာလောင်ပြီးသွားတဲ့ တောမီးတွေကို ငြှိမ်းသတ်ဖို့ ပြင်သစ် နိုင်ငံဟာ ဥရောပရဲ့အကူအညီကို တောင်းခံထားပြီး အဲဒီက မီးတောက်တွေဟာ နာမည်ကျော်အပန်းဖြေစခန်း ဆန် ထရိုပီ နားအထိလောင်နေတာဖြစ်ပါတယ်။ မီးသတ်တပ်ဖွဲ့ဝင်နဲ့ စစ်သား ၄၀၀၀ ကျော်ဟာ ရေဖြန်းလေယာဉ် ၁၉ စင်းအကူအညီနဲ့ မီးတောက်တွေကို ငြှိမ်းသတ်နေတာဖြစ်ပါတယ်။  ဇူလိုင်လ ၂၅ ရက်မှာ စတင်တဲ့တောမီး ငြှိမ်းသတ်မှုအတွင်း မီးသတ် သမား(၇)ဦး ထိခိုက်မှုရှိခဲ့တယ်လို့ ပြင်သစ်အာဏာပိုင်တွေက ပြောပါတယ်။
 
မီးတောက်တွေဟာ မြေထဲပင်လယ်ကန်းရိုးတန်း တစ်လျှောက်၊ တောင်ထူထပ်တဲ့ ကော်ဆီကာ ကျွန်းတစ်လျှောက်က  မြေဟတ်တာ လေးသောင်းနီးပါး အထိလောင်ကျွမ်းခဲ့ပြီး ဖြစ်ပါတယ်။ လေပြင်းနဲ့ခြောက်သွေ့ ရာသီဥတု အခြေအနေတွေဟာ တောမီးလောင်မှုကို အန္တရာယ်ပိုကြီးလာအောင် ဖြစ်နေစေလို့ ပြင်သစ်အစိုးရဟာ ဥရောပသမဂ္ဂအဖွဲ့ဝင် မိတ်ဖက်နိုင်ငံတွေဆီကနေ ရေဗုံးကြဲတဲ့ လေယာဉ်တွေကို အကူအညီတောင်းခံထားပါတယ်။