မန္တလေးမြို့အမရပူရမြို့နယ် တောင်သမန်ဦးပိန်တံတားတွင် ရေပြန်လည်ကျဆင်း

ဧရာဝတီ မြစ်ရေနှင့် ဒုဌ၀တီမြစ်ရေ တိုးလာမှုကြောင့် မန္တလေးမြို့ အမရပူရမြို့နယ် တောင်သမန်ဦးပိန်တံတားမှာ ဇူလိုင်လ ဒုတိယအပတ်မှစတင်ကာ ရေကြီးခဲ့ပြီး အခုဇူလိုင်လ (၂၆)ရက်မှာတော့ ရေ(၄)ပေခွဲ (၅)ပေနီးပါး ပြန်လည်ကျဆင်းလာပြီလို့ ဒေသခံတွေက ပြောပါတယ်။ 
နှစ်စဉ် မိုးတွင်းကာလရောက်တိုင်း ဧရာဝတီမြစ်ရေနဲ့ ဒုဌ၀တီမြစ်ရေကြီးလေ့ရှိပြီး ဒီမြစ်ရေကြီးမှုကြောင့်  မန္တလေးမြို့ရဲ့ အထင်ကရနေရာဖြစ်တဲ့  အမရပူရမြို့နယ်တောင်သမန် ဦးပိန်တံတားမှာတော့  တစ်နှစ်ကို (၃)ကြိမ် ရေကြီးလေ့ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ယခုနှစ်မိုးတွင်းမှာတော့ ဇူလိုင်လ ဒုတိယအပတ်ကစပြီး ရေစတင်ကြီးခဲ့တာပါ။
 
မနှစ်က၂၀၁၆ ခုနှစ်က ဦးပိန်တံတားရဲ့ နေရာအချို့  ရေနစ်မြုပ်မှုတွေ ရှိခဲ့တဲ့ အတွက် ယိုယွင်းပျက်ဆီးမှုများ ဖြစ်ပေါ်ခဲ့တာကြောင့် တံတားပြုပြင်တည်ဆောက်ရေး အဖွဲ့ တာဝန်ရှိသူတွေက အခုနှစ်မှာတော့ ဦးပိန်တံတားကို လာရောက်လည်ပတ်သူတွေအတွက် အန္တရာယ်ကင်းရှင်းအောင် လုပ်ဆောင်ထား တယ်လို့ သိရပါတယ်။ 
 
နှစ်စဉ် တောင်သမန်အင်းရေဟာ ၃ ကြိမ်တက်ခဲ့တာဖြစ်ပြီး အခုလက်ရှိမှာတော့ ရေဟာ (၄)ပေခွဲ (၅)ပေနီးပါးလောက် ပြန်လည်ကျဆင်းသွားပြီလို့ ဒေသခံတွေကပြောပါတယ်။အခုနှစ်မိုးတွင်းမှာတက်မယ့် ရေဟာအရင်နှစ်ကလောက်တတ်နိုင်ဖွယ်မရှိနိုင်ဘူးလို့ဒေသခံတွေက ခန့်မှန်းထားကြပါတယ်။
အခုနှစ်မိုးတွင်းရေမြင့်တက်နေတဲ့ကာလတွေမှာ  တောင်သမန်ဦးပိန်တံတားကို လာရောက် လည်ပတ်သူတွေ အန္တရာယ်မဖြစ်ပေါ်စေရန် တောင်သမန် ဦးပိန်တံတားရှိ အဖွဲ့အစည်းအားလုံးက ကူညီ စောင့်ရှောက်မှု များပေးနေပြီး လာရောက်လည်ပတ်သူတွေက အန္တရာယ်ရှိတဲ့ အပြုအမူတွေ ဖြစ်တဲ့ ရေဆင်းချိုးခြင်း ရေကူးခြင်းတို့ကို မပြုလုပ်ကြရန် မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။  
 
 
ဦးပိန်တံတားကြီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၆၀ ကျော်က မြို့စာရေး ဦးပိန်က ကျွန်းတိုင်လုံးပေါင် ၁၀၈၆ လုံး အခန်း ၄၈၂ ခန်း ဇရပ် ၄ ဆောင်ဖြင့် တည်ဆောက်ခဲ့ပါတယ်။ တံတားကြီးရဲ့ အရှည်မှာ ၇.၈ 
ဖာလုံရှိတယ်လို့ သိရပါတယ်။