ဘာစီလိုနာတိုက်ခိုက်မှု ၀မ်းနည်းခြင်းအထိမ်းအမှတ်ကျင်းပ

ပြီးခဲ့တဲ့ကြာသပတေးနေ့က ကတ်တလန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ ဘာစီလိုနာမြို့နဲ့ ကမ်ဘရေးလ်မြို့က လမ်းသွားလမ်းလာတွေထဲ ဗန်ကား နှစ်စီးဝင်တိုက်လို့ သေဆုံးဒဏ်ရာရသူတွေ အတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်အခမ်းအနားကို ဘာစီလိုနာနဲ့ကမ်ဘရေးမြို့တွေမှာ ပြုလုပ် နေပါတယ်။စပိန်နိုင်ငံဗဟိုအစိုးရနဲ့ကတ်တလန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့အစိုးရအဖွဲ့တို့ ပူးပေါင်းပြီး ၀မ်းနည်းခြင်းအထိမ်းအမှတ် အခမ်း အနားတွေကိုပြုလုပ်တာပါ။

အစိုးရအဖွဲ့ဝင်တွေနဲ့ပြည်သူတွေဟာ အထိမ်းအမှတ်အခမ်းအနားပြုလုပ်ရာနေရာတွေကို စုဝေးရောက်ရှိလာကြပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးမှာ ၀ိုင်းဝန်းလုပ်ဆောင်ဖို့ ကတိပြုခဲ့ကြပါတယ်။ ဘာစီလိုနာမြို့က လာရမ်ဘလာ ရပ်ကွက်မှာ လူသွားလူလာများတဲ့လမ်းထဲကို ဗန်ကားတစ်စီးဝင်တိုက်မိတာနဲ့ ကမ်ဘရေးလ်မြို့မှာဖြစ်ပွားတဲ့ ဗန်ကားနဲ့တိုက်ခိုက်တဲ့ဖြစ်ရပ်တွေကြောင့် အနည်းဆုံးလူ(၁၃)ဦးသေဆုံးပြီး လူ(၁၀၀)လောက် ဒဏ်ရာရရှိခဲ့ပါတယ်။

ဘာစီလိုနာမြို့အကြမ်းဖက်တိုက်ခိုက်ခံရမှုရဲ့ တရားခံလို့ယူဆရတဲ့(၂)ဦးကို အခင်းဖြစ်ပွားတဲ့လမ်းမှာတင် ပြန်လည် ဖမ်းဆီးရမိခဲ့ပြီး လွတ်မြောက်သွားတဲ့ကားမောင်းသူလို့ယူဆရတဲ့ မော်ရိုကိုနိုင်ငံသား ရုန်းအဘူယာကွတ်ကိုတော့ စပိန်ရဲတပ်ဖွဲ့က ရှာဖွေနေဆဲဖြစ်ပါတယ်။ ကမ်းဘရေးလ်မြို့အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေဟာ ဗန်ကားနဲ့ဝင်တိုက်သူ(၅)ဦးကို အခင်းဖြစ်ပွားရာနေရာမှာတင် အသေပစ်ဖမ်းခဲ့တာဖြစ်ပါတယ်။ စပိန်ရဲတပ်ဖွဲ့ရဲ့အဆိုအရ အကြမ်းဖက်အဖွဲ့ဟာ (၁၂)ဦးပါဝင်တာဖြစ်ပြီး လွတ်မြောက်နေသူတွေကို ရှာဖွေနေတယ်လို့သိရပါတယ်။ အိုင်အက်စ်အဖွဲ့ကတော့ ဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်လို့ ပြောထားပါတယ်။