ဗဟိုဘဏ်က ဒေါ်လာထုတ်ရောင်းပြီးနောက် အမေရိကန် တစ်ဒေါ်လာ ၁၂ ကျပ်ကျော်ပြန်ကျ

 
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များသို့ တစ်ရက်လျှင် အမေရိကန်ဒေါ်လာ တစ်သိန်းထုတ်ရောင်းသည့် အတွက် မနေ့က တစ်ဒေါ်လာလျှင် ၁၂ ကျပ်ခန့်အထိ ဈေးပြန်လည်ကျဆင်းကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။
ဗဟိုဘဏ်က သြဂုတ် ၈ ရက်နေ့အထိ ဒေါ်လာရှစ်သိန်းနီးပါး ထုတ်ရောင်းပေးပြီး ဖြစ်ကြောင်း နိုင်ငံပိုင်သီတင်းစာများတွင်ဖော်ပြသည်။
'' အခုအခြေအနေတွေအရ ဒေါ်လာဈေး ပြန်ကျခြင်းရဲ့ အကြောင်းအရင်းတစ်ခုက ဗဟိုဘဏ်က ဒေါ်လာထုတ်ရောင်းပေးတာကြောင့်ပဲ ဖြစ်နိုင်တယ်'' ဟုဘဏ်လုပ်ငန်းအကြံပေး ဦးသန်းလွင်က ပြောဆိုသည်။
လက်ရှိ ဗဟိုဘဏ်က ထုတ်ရောင်းပေးနေသည့်ပမာဏသည် အလွန်နည်းပါးသည်ဟုဆိုနိုင်သော်လည်း ကောင်းသည့်လက္ခဏာတစ်ခုပင်ဖြစ်ပြီး ယခုဈေးနှုန်းကျဆင်းလာခြင်းကိုထောက်ရှု၍ ပိုမိုထုတ်ရောင်းပေးရန် မျှော်လင့်ကြောင်း စီးပွားရေးပညာရှင်နှင့် ဘဏ်လုပ်ငန်းကျွမ်းကျင်သူများက ဆိုသည်။
သဂုတ် ၈ ရက်နေ့ကလည်း ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များမှ တာဝန်ရှိသူများကို ခေါ်ယူတွေဆုံခဲ့ပြီး ဒေါ်လာဈေးမြင့်တက်ခြင်းနှင့်ပက်သက်၍  အကြံပြုချက်များကို နားထောင်ခဲ့ကြောင်း အဆိုပါပွဲတက်ရောက်ခဲ့သူများထံမှသိရသည်။
မနေ့က အမေရိကန် တစ်ဒေါ်လာလျှင် ၁၄၆၃ ကျပ်ဈေးရှိပြီး ဗဟိုဘဏ်နှုန်းသည် တစ်ဒေါ်လာလျှင် ၁၄၄၂ ကျပ်ဈေးရှိကြောင်း ငွေကြေးဈေးကွက်အတွင်းမှသိရသည်။
 
Credit - The Voice