ဇူလိုင်လကုန်ကတည်းက ငါးဈေး ထက်ဝက်ကျော်မြင့်တက်နေ

ပြီးခဲ့တဲ့ဇူလိုင်လ လကုန်ပိုင်းကတည်းကထားဝယ်နဲ့ရန်ကုန်မှာ ကြက်ငှက်တုပ်ကွေး H5N1 ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် ကြက်သား ၀ယ်ယူစားသုံးသူ ကျဆင်းလာပြီး ငါးဈေးနှုန်းမှာ ထက်ဝက်ကျော် 
မြင့်တက်လာခဲ့တယ်လို့သိရပါတယ်။
 
လက်ရှိ သားငါးဈေးကွက်မှာ မွေးမြူရေးငါးတွေဖြစ်တဲ့ ငါးကြင်း၊ ငါးမြစ်ချင်းနဲ့ တီလာဗီးယားငါးတွေရဲ့ တစ်ပိဿဈေး မှာ ထက်ဝက်ကျော်မြင့်တက်ခဲ့တယ်လို့သိရပါတယ်။ဂျပန်ငါး၊ ငါးသလောက်စတဲ့ 
ပင်လယ်ငါးတွေကတော့ မိုးရာသီမှာ ဖမ်းဆီးမှုနည်းပါးတာကြောင့်  ပုံမှန်ဈေးမြင့်တက်လေ့ရှိတယ်လို့ ငါးရောင်းချသူတွေက ပြောပါတယ်။
 
ငါးဒိုင်ကနေလက်ကား ၀ယ်ယူရတဲ့ ငါးဈေးနှုန်းမှာ မြင့်တက်နေတာဖြစ်ပြီး ပြန်လည် ရောင်းချတဲ့အခါ အမြတ်ငွေနည်းတယ်လို့ ဈေးတွေမှာ လက်လီငါးရောင်းချသူတွေက ပြောပါတယ်။အိမ်ရှင်မတွေကတော့ 
ငါးဈေးတက်လာတာကြောင့် တခြားသားငါးတွေနဲ့ တွဲပြီး ၀ယ်ယူ စားသုံးဖြစ်တယ်လို့သိရပါတယ်။
 
ဇူလိုင်လ ၂၅ရက်ကနေ စတင်အတည်ပြုခဲ့တဲ့ ကြက်ငှက်တုပ်ကွေး H5N1 ဗိုင်းရပ်စ် ကြောင့် ဈေးကွက်အတွင်း ကြက်သားဝယ်လိုအား ကျဆင်းလာခဲ့ပြီး  ငါးဝယ်ယူစားသုံးသူတွေများလာတာကြောင့် ဒီလို 
ငါးဈေးနှုန်းမြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။