ကရင်ပြည်နယ်၌ ရေဘေးကြောင့်ပိတ်ထားရသည့် ကျောင်း ၃၀၀ ကျော်ပြန်ဖွင့်

ကရင်ပြည်နယ်အတွင်း ရေကြီးရေလျှံခြင်းကြောင့် နှစ်ပတ်ကြာပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများအနက်မှ ကျောင်း ၃၃၀ နီးပါးပြန်လည်ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း ကရင်ပြည်နယ် အခြခံ ပညာဦးစီးဌာနထံမှ သိရသည်။
ကရင်ပြည်နယ်ဖားအံ့၊ မြ၀တီ၊ ကော့ကရိတ်တို့ အပါအ၀င် မြို့နယ် ၆ ခုတွင် ရေကြီးရေနစ်မြုပ်မှုများကြောင့် ကျောင်းပေါင်း ၄၆၄ ကျောင်း ယာယီပိတ်ခဲ့ရပြီး ယခုအခါတွင် ရေပြန်လည်ကျသွားသည့် ကျောင်း ၃၀၀ ကျော်ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။
''ကျောင်းတွေ ပိတ်ထားတာတွေ ရှိသေးတယ်။ လာမယ့်ရက်ပိုင်းအတွင်း ရေကြီးနစ်မြုပ်မှုက စိုးရိမ်ရေမှတ်အောက်ကို ရောက်မယ်လို့ မျှော်လင့်တယ်'' ဟု ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် ပအိုဝ်းတိုင်းရင်းသား ရေးရာဝန်ကြီး ခွန်မျိုးတင့်က ပြောကြားသည်။
ယခုတစ်ကြိမ် ရေကြီးနစ်မြုပ်မှုတွင် ကရင်ပြည်နယ်အတွင်း လှိုင်းဘွဲ့မြို့နယ်၊ ဖာပွန်မြို့နယ်၊ ဘားအံ့မြို့နယ်အတွင်းရှိ ကျောင်းပေါင်း ၁၄ ကျောင်းခန့်မှာ ကျောင်း အုတ်တံတိုင်းပြိုခြင်း၊ စာရေးခုံနှင့် ၀ှိုက်ဘုတ်များ ရေစိုပျက်ဆီးခြင်း၊ ကြမ်းခင်းပျက်ဆီးခြင်းများရှိခဲ့ပြီး ယင်းကျောင်းများအနက် ကြမ်းခင်းပျက်ဆီးသည့်ကျောင်းများမှလွဲ၍ အချို့ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်း အခြေခံပညာဦးစီးဌာနထံမှသိရသည်။
ယခုနှစ်တွင် ကရင်ပြည်နယ် အတွင်းရေကြီးနစ်မြုပ်မှုများကြောင့် ရေဘေးစခန်းပေါင်း ၅၈ ခု ဖွင့်လှစ်ခဲ့ရပါတယ်။ဘားအံ့တွင် ကျောင်း ၂၄၁ ကျောင်း၊ လှိုင်းဘွဲ့မြို့နယ်တွင် ၇၉ ကျောင်း၊ ဖာပွန်မြို့နယ်တွင်  ၅၄ ကျောင်း၊ ကော့ကရိတ်မြို့နယ်တွင် ၅၆ ကျောင်း၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ၃၁ ကျောင်း၊ မြ၀တီမြို့နယ်တွင် ၃ ကျောင်းယာယီပိတ်ထားခဲ့ရာမှ ကျောင်း၃၀၀ကျော်ပြန်လည်ဖွင့်လှစ်ရန် ကျန်ရှိနေသေးကြောင်း သိရသည်။
 
Credit - The Voice